For faster navigation, this Iframe is preloading the Wikiwand page for ဟန် ဧကရာဇ် ကောင်းကျူ.

ဟန် ဧကရာဇ် ကောင်းကျူ

ဟန် ဧကရာဇ် ကောင်းကျူ
漢高祖
ဧကရာဇ် ကောင်းကျူ ၏ ပုံတူ
တရုတ်ပြည်၏ ဧကရာဇ်
နန်းသက်၂၈ ဖေဖော်ဝါရီလ ၂၀၂ ဘီစီ – ၁ ဇွန် ၁၉၅ ဘီစီ
နောက်မင်းဆက်ဟန် ဧကရာဇ် ဟွီ
ဟန် နိုင်ငံ ၏ ဧကရာဇ် (漢王)
နန်းသက်မတ်လ ၂၀၆ ဘီစီ – ၂၈ ဖေဖော်ဝါရီလ ၂၀၂ ဘီစီ
မွေးဖွား၂၅၆ ဘီစီ[၁] (သို့) ၂၄၇ ဘီစီ[၂]
ဖန်းမြို့, ပေ့ခရိုင်, ချူပြည်နယ်[၃]
ကွယ်လွန်၁၊ ဇွန်လ ၁၉၅ ဘီစီ
(အသက် ၆၀ - ၆၁ / ၅၁ - ၅၂)
ချန်အန်း၊ ဟန် ဧကရာဇ် နိုင်ငံတော်
အိမ်ထောင်ဖက်see #မိသားစု နှင့် ဆွေမျိုး စာရင်း
သားသမီးများsee #မိသားစု နှင့် ဆွေမျိုးစာရင်း
အမည် အပြည့်အစုံ
မိသားစုအမည်: လျို (刘)
​ငယ်မည်: ပန်း (邦)
အရပ်အခေါ်: ကျီ (季)
ကွယ်လွန်ပြီးနောက် အမည်
ဧကရာဇ် ဂေါင် (高皇帝)
Temple name
တိုင်ဇူ (太祖)[၄]
ကောင်းကျူ (高祖)[၅]
စံအိမ်လျိုအိမ်တော်
ခမည်းတော်လျိုတိုင်ကုန်း
မယ်တော်လျိုအာအို
ဟန် ဧကရာဇ် ကောင်းကျူ
ရိုးရာ တရုတ်漢高祖
ရိုးရှင်းသော တရုတ်汉高祖
ဆိုလိုရင်း"High Ancestor of Han"
Liu Bang
(personal name)
ရိုးရာ တရုတ်劉邦
ရိုးရှင်းသော တရုတ်刘邦

ဟန် ဧကရာဇ် ကောင်းကျူ (တရုတ်: 汉高祖;၂၅၆ ဘီစီ – ၁ ဇွန်လ ၁၉၅ ဘီစီ), ငယ်မည် လျိုပန်း (刘邦) သည် ဟန်နိုင်ငံတော် ၏ ပထမဆုံး ဧကရာဇ် နှင့် ဟန်မင်းဆက်ကို ထူထောင်သူဖြစ်ကာ ၂၀၂ ဘီစီ မှ ၁၉၅ ဘီစီ ထိ အုပ်ချူပ်စိုးစံခဲ့သည်။ သူသည် တရုတ်ပြည် သမိုင်းတွင် သာမန် အညတရ ဘဝမှ နိုင်ငံတည်ထောင်သူ တစ်ဦးလည်းဖြစ်သည်။[၆]

အာဏာမရမီ လျိုပန်းသည် ချင်မင်းဆက်တွင် သာမန် ကင်းလှည့်အရာရှိ တစ်ဦးအဖြစ် သူ၏ မွေးရပ်မြေ ချူပြည်နယ်မှ ပေ့ခရိုင်တွင် တည်ရှိသော သူ၏ မွေးရပ်မြို့တွင် အမှုထမ်းခဲ့သည်။ ပထမဆုံး ဧကရာဇ် ၏ သေဆုံးမှု နှင့် ချင် ဧကရာဇ် နိုင်ငံတော် ၏ နိုင်ငံရေး အရှုပ်အထွေးများ ဖြစ်ပွားလာသောအခါ လျိုပန်းသည် သူ၏ အစိုးရ ရာထူးမှ နုတ်ထွက်ပြီး ချင်ကို ပုန်ကန်သည့် ခေါင်းဆောင် အဖြစ် ခံယူခဲ့သည်။ သူသည် အခြားပုန်ကန်သူတစ်ဦးဖြစ်သူ ရှန်းယု အား ချင်၏ အဓိက မြေ ကို ကျူးကျော်ရာတွင် အသာစီးရယူနိုင်ခဲ့ပြီး ချင်၏ နောက်ဆုံး ဧကရာဇ် ၏ နန်းစွန့်မှုကို လက်ခံခဲ့သည်။

ချင်နိုင်ငံ ကျဆုံးပြီးနောက် ပုန်ကန်သူ တပ်ဖွဲ့တို့၏ တရားဝင်မဟုတ်သော်လည်း တင်မြှောက်ထားသော ခေါင်းဆောင်သဖွယ် ဖြစ်နေသော ရှန်းယုသည် ယခင် ချင်ဧကရာဇ် နိုင်ငံတော်ကို နိုင်ငံ ၁၈ နိုင်ငံ အဖြစ် ပိုင်းခြားလိုက်ပြီး လျိုပန်းကို "ဟန်ဘုရင်"(တရုတ်: 漢王; ပင်ယင်: Hàn Wáng) ဟူသော ဘွဲ့ပေးကာ နွမ်းပါးခေါင်းပါးလှသည့် ပါးရှု နယ်မြေ( ယခုခေတ် စီချွမ် နှင့် ချုံချင်း) တို့ကို အတင်း အဓမ္မ လက်ခံစေခဲ့သည်။ ထိုနှစ်တွင်ပင် လျိုပန်းသည် သူ၏ စစ်တပ်ကို ဦးဆောင်ကာ ချင်သုံးနယ် ကို သိမ်းလိုက်ခြင်းဖြင့် များပြားလှသော စစ်အင်အားစုတို့သည် တရုတ်ပြည်ကို အုပ်စိုးရန်အတွက် စစ်ခင်းကြသောကြောင့် ချူ နှင့် ဟန် ယှဉ်ပြိုင်မှု ဟု လူသိများသည့် ပြည်တွင်းစစ်ကို စတင်ခဲ့သည်။

၂၀၂ ဘီစီတွင် လျိုပန်းသည် ဂိုင်းရှား တိုက်ပွဲ ကို အောင်နိုင်ခြင်းဖြင့် ရှန်းယု ကို အနိုင်ယူကာ တရုတ်ပြည်လုံးကို စုစည်းနိုင်ခဲ့ပြီး ဟန်မင်းဆက်ကို ပထမဆုံးတည်ထောင်သူ ဧကရာဇ် အဖြစ် ထူထောင်ခဲ့သည်။ သူ၏ နန်းသက် တစ်လျှောက်တွင် လျိုပန်းသည် အခမဲ့ အလုပ်ခိုင်းစေခြင်း တို့ကို လျှော့ချခဲ့ပြီး ကွန်ဖြူးရှပ် ဝါဒ ကို တိုးတက်စေကာ အခြားသော လုပ်ဆောင်မှုများတွင် လျိုမျိုးနွယ် မဟုတ်သည့် လက်အောက်ခံ နယ်များမှ ပုန်ကန်မှုများကို နှိမ်နင်းခဲ့သည်။ သူသည် လက်ထပ်ခြင်းဖြင့် မဟာမိတ်ခြင်း ကိုလည်း ဟန်ဧကရာဇ် နိုင်ငံတော် နှင့် ရှုံးနူ အကြားတွင် ဟန်ပြ ငြိမ်းချမ်းရေး တစ်ရပ် ကိုလည်း ၂၀၂ ဘီစီတွင် ပိုင်ဒန်း စစ်ပွဲ ကိုရှုံးနိမ့်ပြီးနောက် အစပြု ပြဋ္ဌာန်းစေခဲ့သည်။ လျိုပန်းသည် ၁၉၅ ဘီစီတွင် ကွယ်လွန်ပြီး သားတော် လျိုရင်းသည် ထီးနန်းကို ဆက်ခံခဲ့သည်။

မွေးဖွားခြင်း နှင့် အစောပိုင်းနှစ်များ

ဟန်နန်းတွင်း ဒဏ္ဍာရီတွင် လျိုပန်းသည် အဝါရောင် ဧကရာဇ် မှ ဆင်းသက်သော ဒဏ္ဍာရီလာ ဧကရာဇ်ရောင် ၏ မျိုးဆက်တစ်ဦးဖြစ်သည်။[၇] သို့ရာတွင် ၎င်းသည် ရှေးတရုတ်မိသားစုများအကြားတွင် မိုးမြေမှ ပေးအပ်သော အုပ်စိုးမှုအာဏာကို ကြေညာရာတွင် သုံးကြသည့် အလေ့တစ်ရပ်ဖြစ်သည်။[၈]

လျိုပန်းကို စစ်ဖြစ်ပွားနေသည့်နယ်မြေများခေတ် နှောင်းပိုင်းနှစ်များတွင် ချူနယ်၊ ပေ့ခရိုင်(沛郡)၊ ဖန်မြို့(丰邑) ၊ ကျုန်းယန်မြို့ (中阳里)၊ဖန်းယုရွာ(枌榆社)တွင် သာမန် အညတရမိသားစုမှ မွေးဖွားခဲ့သည်။[၃]မိဘများ၏ အမည်ကို သမိုင်းတွင် မှတ်တမ်းမတင်ထားပါ။ သူတို့ကို "လျိုတိုင်ကုန်း" (刘太公; lit. "Old Sir Liu") နှင့် လျိုအာအို(刘媪၊[၉]lit. "Old Madam Liu")။ ဒဏ္ဍာရီတွင် လျိုပန်းကို မမွေးမီ သူ၏ မိခင်သည် မိုးမိခဲ့သည့် အဝါက် တံတားအောက်တွင် မိုးခိုနေခဲ့သည်။ ထိုအချိန်တွင် မိုးကြိုး ပစ်ချခဲ့ပြီး ကောင်းကင်အလုံးစုံသည် မှောင်မဲသွားခဲ့သည်။ လျိုပန်း၏ ဖခင်သည် ဇနီးသည်အား အိမ်သို့ ခေါ်ရန် လာကြိုသောအခါဝယ် နဂါးသည် သူမအထက်ဝယ် အုပ်မိုးနေခဲ့သည်ကို မြင်လေသည်။ သူမသည် ကိုယ်ဝန်ရလာခဲ့ပြီး များမကြာမီ လျိုပန်းကို ဖွားမြင်ခဲ့သည်။ [၁၀]

မှတ်တမ်းများအရ ကလေးငယ်လျိုပန်းသည် စကားတည်သည်။ဩဇာကြီးသည်။ အလွန်ရက်ရောသည်။ သည်းခံရိုကျိုးမှု ရှိသည်။ သို့သော်လည်း ငယ်ငယ်က ပေါ့ပေါ့နေ ပေါ့ပေါ့စားပုံစံနှင့်နေခဲ့သည်။ စာဖတ်ခြင်းကိုလည်း မနှစ်သက်၊ လယ်ယာနှင့် အလုပ်ကြမ်း ကိုလည်း စိတ်မဝင်စားပေ။ အမြဲတမ်း ပြဿနာရှာလေ့ရှိသည်။ ထို့ကြောင့် သူ၏ ဖခင်ကြီးသည် အပျင်းထူလေ့ရှိသည့် လျိုပန်းကို "လူရှုပ်လေး"ဟု မကြာခဏ ခေါ်ခဲ့သည်။ လျိုပန်းသည် ထိုပုံစံတွင် ဆက်နေခဲ့ပြီး သူ့ညီ၏ မိသားစု အပေါ်တွင် စားဝတ်နေရေးအတွက် မှီခိုခဲ့သည်။ အသက်အရွယ်ကြီးမြင့်လာသောအခါ သူသည် သခင်ကြီး ကျင်းလင် ၏ အပါးတော်မြဲဟောင်းတစ်ယောက်ဖြစ်သည့် ကျန်းအာ(တရုတ်: 张耳, ? — ၂၀၂ဘီစီ) နှင့် မိတ်ဆွေဖြစ်ခဲ့ရုံသာမက အတူတကွ နေထိုင်ခဲ့သည်။ ကျန်းအာသည် ထိုအချိန်က အနီးအနားရှိ ဝေဟွမ်နယ်တွင် ရာဇဝတ်တရားသူကြီး ဖြစ်သည်။

ချင်နိင်ငံသည် ချူနိုင်ငံကို အနိုင်ယူလိုက်သောအခါ ကျန်းအာသည် ပုန်းရှောင်ခဲ့သည်။ လျိုပန်းသည်လည်း နေအိမ်သို့ ပြန်ခဲ့သည်။ မကြာမီတွင် သူသည် အနီးအနားရှိ ပေ့ခရိုင် ရှိ စီရွှီအဆောက်အဦး(泗水亭)တွင် ဒေသခံ ဥပဒေအရာရှိတစ်ဦးအဖြစ် အမည်တင်သွင်းခံရပြီး များမကြာမီ ရာထူးကိုလက်ခံရယူခဲ့သည်။ ထိုနေရာတွင် သူသည် သူ၏ မိတ်ဆွေများဖြစ်သူ၊ ရှောင်ဟီ နှင့် ကောဝ်ရှန်း တို့၏ လက်အောက်တွင် အလုပ်လုပ်ခဲ့သည်။ သူ၏ မိတ်ဆွေများသည် သူ့၏ လူမိုက်ဆန်ဆန်အပြုအမူများအတွက် မကြာခဏ ဖုံးကွယ်ပေးခဲ့သည်။ သို့သော်လည်း လျိုပန်းသည် နယ်မှ အုပ်ချူပ်ရေးအရာရှိများနှင့် နီးကပ်သောဆက်ဆံရေးတစ်ခုကို ရယူခဲ့ပြီး ထိုဒေသတွင် နာမည် တစ်လုံးတွင်ခဲ့သည်။ လျိုပန်းသည် တစ်ချိန်က ရှန်ယန် မြို့တော်တွင် လုပ်အားပေးရန် စေလွှတ်ခြင်းခံရသည်။ ထိုအခါ သူသည် ချင်ရှီဟွမ်တီ ၏ နိုင်ငံအဝန်း တိုင်းခန်းလှည့်လည်တော်မူခြင်းကို မျက်ဝါးထင်ထင်တွေ့မြင်ခဲ့သည်။ နန်းတွင်း၏ ဂုဏ်အရှိန်အဝါကို အားကျသော ကြောင့် သူသည် ဤသို့ ကြွေးကြော်ခဲ့သည်။ "ကောင်းပေစွ၊ ယောက်ျားကောင်းတစ်ယောက်သည် ဤသို့ ဖြစ်အပ်သည်(嗟乎,大丈夫当如此也)"

တစ်နေ့တွင်မူ ရှန်ဖု ခရိုင် မှ ပေ့ခရိုင်သို့ မကြာသေးမီကမှ ပြောင်းရွှေ့လာခဲ့သော လွီဝမ်း (吕文၊လွီကုန်း吕公ဟုလည်း ခေါ်သည်) ဟုခေါ်သည့် ချမ်းသာကြွယ်ဝ၍ မျိုးရိုးမြင့်အိမ်တော်မှ ဆင်းသက်လာသည့် ပုဂ္ဂိုလ်တစ်ဦးသည် ဒေသခံအရာရှိများကို ဧည့်ခံပွဲကျင်းပပေးခဲ့သည်။ လွီဝမ်းအတွက် လက်ဆောင်လက်ခံသည့်တာဝန်ကို ယူထားသည့် ရှောင်ဟီသည် "ဒင်္ဂါး ၁၀၀၀ တန်ဖိုးရှိသည့် လက်ဆောင် မဆက်သသူများသည် ခန်းမအပြင်ဘက်တွင် နေရာယူကြရမည်" ဟု ကြေညာလိုက်သည်။ လျိုပန်းသည် ထိုနေရာကို မည်သည့် လက်ဆောင်မှ မယူပဲ သွားရောက်ခဲ့ပြီး "ငါ ဒင်္ဂါး ၁၀၀၀၀ ပေးတယ်"ဟု ဆိုခဲ့သည်။ လွီဝမ်းသည် လျိုပန်းကို လွန်စွာလေးစားသွားခဲ့ပြီး ချက်ချင်းပင် မတ်တပ်ရပ်ကာ ကြိုဆိုခဲ့သည်။ ထို့နောက် ခန်းမထဲသို့ ကြိုဆိုကာ မိမိဘေးတွင် ထိုင်စေခဲ့သည်။ ရှောင်ဟီက "လျိုပန်း သည် လေးလေးနက်နက် ပြောခြင်းမဟုတ်ပါ"ဟု ဆိုသော်လည်း လက်မခံခဲ့ပေ။ လွီဝမ်းသည် လျိုပန်းကို အောက်ပါစကားကို ဆိုခဲ့သည်။ "ငါသည် များစွာသော လူတို့ကို နိမိတ်ဖတ်ခဲ့ပေးဖူးသော်လည်း သင့်ကဲ့သို့ ထူးခြားသူကို မမြင်စဖူးပါ"။ လွီဝမ်းသည် သူ၏ သမီး လွီကျီး ကို လျိုပန်းနှင့် လက်ထပ်ထိမ်းမြားစေခဲ့သည်။ လွီကျီးသည် လျိုပန်းအတွက် လျိုယင်း (နောင်တွင် ဧကရာဇ် ဟွီ)နှင့် သမီးတစ်ဦး (နောင်တွင် လု မင်းသမီး ယွမ်) ကို မွေးဖွားပေးခဲ့သည်။

ချင်မင်းဆက်ကို ထောင်ထားခြားနားခြင်း

ချင်မင်းဆက်ကို ပုန်ကန်မှုများ။ လျိုပန်း၏ တိုက်ပွဲစဉ်ကို ပန်းရောင်ဖြင့် ပြထားသည်
ချင်းမင်းဆက် ပန်းချီပညာရှင် ရှန်ကွမ်း ကျိုး 上官周 (၁၆၆၅ - ၁၇၄၉) ၏ လျိုပန်းကို သရုပ်ဖော်ထားပုံ

လျိုပန်းသည် ရာဇဝတ်သားတစ်စုကို လီတောင်သို့ ချင်ရှီဟွမ်တီ၏ အထိမ်းအမှတ်ပြခန်း ကို တည်ဆောက်ရန် ထိန်းသိမ်းစောင့်ရှောက်၍ ခေါ်ဆောင်ရန် တာဝန်ပေးခြင်းခံရသည်။ သို့ရာတွင် ရာဇဝတ်သားအချို့သည် ခရီးလမ်းတွင် ထွက်ပြေးလွတ်မြောက်ကုန်သောအခါ လူပန်းသည် ထိုအချိန်က ရာဇဝတ်သားများကို မထိန်းသိမ်းနိုင်ခြင်းသည် ချင်၏ ဥပဒေတွင် သေဒဏ်ထိုက်သည့်အတွက် အသက်ဘေးကို ကြောက်လန့်ခဲ့သည်။ သူသည် ကျန်ရာဇဝတ်သားများကို ထပ်လွှတ်လိုက်သောကြောင့် ဝရမ်းပြေးဖြစ်သွားသည်။ သူလွှတ်လိုက်သော ရာဇဝတ်သားအချို့သည် အလွန်ပင် လေးစားကြည်ညိုကြသောကြောင့် သူတို့အလိုအလျောက် လျိုပန်းထံ ခိုလှုံကြလေသည်။

ဒဏ္ဍာရီတွင် သူတို့သည် လူအချို့ကို အဆိပ်ငွေ့ဖြင့် သတ်ဖြတ်လေ့ရှိသည့် မြွေနဂါးဖြူကြီးကို တွေ့ကြုံခဲ့သည်။ မူးနေသည့် လျိုပန်းသည် ထိုညတွင်ပင် ထိုမြွေနဂါးကို သတ်ခဲ့သည်။ နောက်တစ်နေ့ မနက်ခင်းတွင် အဖွားအိုတစ်ဦးသည် လမ်းမဘေးတွင် ငိုနေသည်ကို မြင်ခဲ့သည်။ လျိုပန်း၏ လူများသည် ထိုအဖွားအိုအား အဘယ့်ကြောင့် ငိုကြွေးနေရကြောင်းမေးခဲ့သော အခါ သူမသည် ဤသို့ ပြန်ဖြေခဲ့သည်။"ငါ့သား အဖြူရောင် ဧကရာဇ်၏ သားတော်သည် အနီရောင် ဧကရာဇ်၏ သားတော်၏ လက်ချက်ဖြင့် ဆုံးရှာလေပြီ"။ များမကြာမီ သူမသည် ထူးခြားစွာပင် ပျောက်ဆုံးသွားခဲ့သည်။ ထိုအဖွားအို၏ ထူးခြားသော စကားများကို ကြားပြီးနောက် လျိုပန်း၏ နောက်လိုက်များသည် လျိုပန်းကို နောင်တွင် ဧကရာဇ် ဖြစ်လာမည့် သူဟု ယုံကြည်ကြကာ ပို၍ လေးစားကြည်ညိုလာခဲ့သည်။ ထိုဖြစ်ရပ်ကို "နဂါးဖြူသတ်ပွဲ၏ ပုန်ကန်ခြင်း"(တရုတ်: 斬白蛇起義) ဟု လူသိများသည်။

လျိုပန်း နှင့် သူ၏ နောက်လိုက်တို့သည် မန်ဒန်းတောင် (芒碭山 ၊ယခုခေတ် ယုံချန်း ၊ရှန်ချူ၊ဟီနန်) တွင် အခြေချကာ ခံတပ်တစ်ခုကို တည်ဆောက်ခဲ့သည်။ လျိုပန်းသည် သူ၏ မိတ်ဆွေဟောင်းများဖြစ်သော ရှောင်ဟီ နှင့် ကောဝ်ရှန်း ကဲ့သို့သော ပေ့ခရိုင်မှ မိတ်ဆွေများနှင့် လျှို့ဝှက်အဆက်အသွယ်ရှိသေးသည်။ ၂၀၉  ဘီစီတွင် ချန်ရှန် နှင့်ဝူဂွမ် တို့သည် တဇီချန်း ဆူပူအုံကြွမှု ကို စတင်ကာ ချင်မင်းဆက်ကို တွန်းလှန်ရန် ကြိုးစားခဲ့သည်။ ပေ့ခရိုင်၏ နယ်ပိုင် သည် ပုန်ကန်မှုတွင် ဝင်ရောက်ပါဝင်ရန် စဉ်းစားခဲ့ပြီး ရှောင်ဟီ နှင့် ကောဝ်ရှန်းတို့၏ အကြံကြောင့် သူသည် ဖန်းခွိုင် (လျိုပန်း၏ အမျိုး) ကို လျိုနှင့် သူ၏ နောက်လိုက်များကို သူ့အား အားပေးထောက်ခံရန်အတွက် ရည်ရွယ်၍ တိုက်တွန်းစေခြင်းငှာ စေလွှတ်ခဲ့သည်။

၂၀၈ ဘီစီတွင် ချင်အာရှီ၏ လက်ထက်၌ ယခင်ရန်၊ ချီ နှင့် ဝေ့ နယ်တို့မှ တော်ဝင်မိသားစု မျိုးဆက်များသည် ချင်ဧကရာဇ် နိုင်ငံတော်ကို ပုန်ကန်ကြသည်။ သူတို့၏ အကြောင်းပြချက်သည် လွန်ခဲ့သော် နှစ်နှစ်ဆယ်ခန့်က ချင်၏ စစ်ပွဲများ ဆင်နွှဲခဲ့ပြီးနောက် သိမ်းပိုက်ခံလိုက်ရသော သူတို့၏ နိုင်ငံကို ပြန်လည်စုစည်းရန် ဟူ၍ ဖြစ်သည်။ ဝူ(ယခုခေတ် ကျန်းစု) တွင် ရှန်းလျန်သည်လည်း ပုန်ကန်ထကြွကာ ကျုန်းကျင်း ကို "ဒုတိယမြောက် ဘုရင် ဟွိုင်"(楚後懷王) အဖြစ် ယခင် ချူပြည်နယ်၏ ရာဇပလ္လင်တွင် ဘုရင်အဖြစ်နန်းတက်စေသည်။ လျိုပန်းသည် ရှန်းလျန်ထံတွင် စုစည်းကာ ချူတွင် အချိန်အတော်ကြာ ခစားခဲ့သည်။ ဒင်းတောင်စစ်ပွဲတွင် ရှန်းလျန် ကျဆုံးပြီးနောက် ဒုတိယမြောက် ဘုရင် ဟွိုင်သည် ကျန်းလျန်၏ တူရှန်းယု နှင့် စုန့်ရိကို ချင်၏ စစ်ထိုးခြင်းကို ခံနေရသည့် ကျောက်ပြည်နယ်ကို စစ်ကူပေးရန်အတွက် စေလွှတ်ခဲ့သည်။ လျိုပန်းသည် " ဝူအန်း နယ်စား"(武安侯) ဘွဲ့ကို လက်ခံရရှိကာ ချင်ကို တိုက်ခိုက်မည့် စစ်တပ်ကို ဦးဆောင်ရန် တာဝန်ပေးခြင်း ခံရသည်။ ဂွမ်ကျုံး (ချင်၏ အဓိက နယ်မြေ) ကို အလျင်ဆုံး ဝင်ရောက်နိုင်သူသည် "ဂွမ်ကျုံးဘုရင်" ဘွဲ့ကို လက်ခံနိုင်မည်ဟု ဟွီဘုရင်က ကတိပြုခဲ့သည်။ ၂၀၆  ဘီစီတွင် လျိုပန်းသည်ရှန်းယုကို ဂွမ်ကျုံးသို့ အရောက်ချီရာတွင် အနိုင်ယူနိုင်ခဲ့ပြီး ချင်၏ မြို့တော်ဖြစ်သည့် ရှန်းယန်ကို ရောက်ရှိခဲ့သည်။ ချင်၏ နောက်ဆုံး ဧကရာဇ် ဖြစ်သော ကျီယင်းသည် လျိုပန်းထံ လက်နက်ချကာ ချင်မင်းဆက်ကို အဆုံးသတ်စေခဲ့သည်။ လျိုပန်းသည် သူ၏ စစ်သည်များကို အပြစ်ကင်းမဲ့သော ပြည်သူများကို သတ်ဖြတ်ခြင်း၊ သူတို့ သိမ်းပိုက်ခဲ့သော မြို့များကို မြေလှန်လုယက်ခြင်းများကို တင်းကြပ်သော အမိန့်များကို ထုတ်ပြန်ခြင်းများဖြင့် တားမြစ်စေသည်။ ငြိမ်းချမ်းခြင်း နှင့် တည်ငြိမ်မှုသည် လျိုပန်း၏ တပ်များ နေရာယူထားသော အချိန်တွင် ရှန်းယန်မြို့၌ ယာယီ စိုးမိုးခဲ့သည်။ ရှောင်ဟီသည် ချင်နန်းတော်ရှိ အရေးကြီးစာရွက်စာတမ်းများနှင့် အစိုးရပိုင်ပစ္စည်းများကို စုစည်း၍ လုံခြုံစွာ သယ်ပို့စေရန် အမိန့်ထုတ်ပြန်ခဲ့သည်။

ချူ နှင့် ဟန် ယှဉ်ပြိုင်ခြင်း

ဟုန်ဂိတ်မှ ညစာစားပွဲ

အရှေ့ပိုင်း ဟန် ခေတ်(၂၅-၂၂၀ အေဒီ) တရုတ်ပြည်၊ဟီနန်နယ်၊ ကျန်းကျိုး (ကျီး ခရိုင် အနောက်ဘက် သာ)ရှိ ဆွီဟီမြစ် တောင်ဘက်ကမ်းပါးပေါ်ရှိ တဟူတင်း အုတ်ဂူ တရုတ်စကား: 打虎亭漢墓, Pinyin: Dahuting Han mu)တွင် ညစာစားပွဲမှ ရွှင်မြူးဖွယ် မြင်ကွင်းတို့(ရန်ရင်း 宴飲), အက နှင့် ဂီတ (ဝူယွဲ့ 舞樂), လေ့ကျင့်ခန်း (ပိုင်ကျီ 百戏),နှင့် နပန်းသတ်ခြင်း (ကျန်းပု 相扑)ကို ပြသထားသည့် တရုတ် အုတ်ဂူ နံရံဆေးရေးပန်းချီ
ဘယ်ဖက်:ပန်းပုလက်ရာ အလှဆင်ထားသော ကျောက်စိမ်း မြှုပ်နှံထားသော ဝိုင်ခွက်၊ အနောက်ပိုင်း ဟန်ခေတ် (၂၀၂ ဘီစီအီး - ၉ စီအီး)
ညာဘက်: ကြေးရေ သုတ်ထားပြီး တိရစ္ဆာန်ပုံ ပန်းပုလက်ရာများဖြင့် တန်ဆာဆင်ထားသည့် ဝိုင်နွှေးခွက် , ၂၆ ဘီစီ, အနောက်ပိုင်း ဟန် ခေတ်
ပိုးထည် အဝတ်ကို ဝတ်ဆင်ထားသည့် အနောက်ပိုင်း ဟန် အကမယ်တစ်ဦး၊ ၂ ရာစု ဘီစီ၊မက်ထရိုပိုလစ်တန် အနုပညာ ပြတိုက်၊ ရှန်းကျွမ်းသည် ဓားရေးအက ကဟန် ပြု၍ လျိုပန်းကို လုပ်ကြံရန် ကြံရွယ်ခဲ့သည်။

ရှန်းယုသည် လျိုပန်း၏ ဂွမ်ကျုံးသို့ အပြင်းနှင်ရာတွင် မိမိကို အသာစီးရယူနိုင်ခဲ့သည်ကို မကျေနပ်ခဲ့ပေ။ သူ၏ အကြံပေး ဖန်ကျန် နှင့် လျိုပန်း၏ တပ်ထဲတွင် ခိုဝင်နေသည့် သူလျှိုတစ်ဦးဖြစ်သည့် ကောဝ်ဝူရှန်း (曹無傷) တို့၏ သွေးထိုးမှုကြောင့် သူသည် လျိုပန်းကို ထောင်ချောက်ဆင်၍ သတ်ရန် ဆုံးဖြတ်ခဲ့သည်။ စားသောက်ပွဲတွင် လုပ်ကြံရန် လျှို့ဝှက်စွာဖြင့် ကြံစည်နေရင်း သူသည် လျိုပန်းကို စားသောက်ဧည့်ခံပွဲသို့ ဖိတ်ခေါ်ဟန်ဆောင်ခဲ့သည်။ သို့သော်လည်း ရှန်းယု၏ ဦးလေး ရှန်းဘို သည် လျိုပန်း၏ နည်းဗျူဟာရှင် ကျန်းလျန် ၏ မိတ်ဆွေအရင်း ဖြစ်နေခဲ့သည်။ ထို့ကြောင့် ရှန်းဘိုသည် သူ၏ တူကို စားပွဲတွင် လျိုပန်းကို သတ်ဖြတ်ခြင်းကို ကိုယ်တိုင်အမိန့်မပေးရန် ဆွဲဆောင်တိုက်တွန်းနိုင်ခဲ့သည်။ ရှန်းယု၏ အဆုံးအဖြတ်မခိုင်မာမှုကို မကျေနပ်သည့် ဖန်ကျန်သည် ရှန်းယု၏ တစ်ဝမ်းကွဲ ရှန်းကျွမ်း ကို ဓားရေးအက ကနေဟန် ဆောင်ပြီး အခွင့်အရေးရစဉ် လျိုပန်းကို သတ်ရန် အမိန့်ပေးခဲ့သည်။ သို့သော်လည်း ရှန်းဘိုသည် ဓားရေးအကတွင် ဝင်ရောက်ပါဝင်ခဲ့ပြီး လျိုပန်းထံသို့ သူ့တူ၏ ဓားရွယ်မိတိုင်း ထိုဓားကို ဝင်ကာခဲ့သည်။

သေဘေးကို မြင်သော ကျန်းလျန်သည် အပြင်ကို တိတ်တဆိတ် ထွက်ခဲ့ပြီး လျိုပန်း၏ ယောက်ဖလည်း ဖြစ်၍ ကိုယ်ရံတော် လည်းဖြစ်သည့် ဖန်းခွိုင် ကို ခေါ်ခဲ့သည်။ ဖန်းခွိုင်သည် စားပွဲတော်ကို ထုခွဲကာ ရှန်းယု၏ ယုတ်မာသည့် အကြံအစည်ကို ရှန်းယုရှေ့တွင်ပင် ဖွင့်ဟ ဆဲဆိုခဲ့သည်။ ဖန်းခွိုင်၏ စွပ်စွဲမှုကို ခံရ၍ အရှက်ရသော ရှန်းယုသည် ဓားရေးအကကို ရုပ်သိမ်းစေ၍ ဖန်းခွိုင်ကို ရဲရင့်သစ္စာရှိသောကြောင့် ဟူ၍ ဆုချခဲ့သည်။ လျိုပန်းသည် ထို့နောက် အပေါ့အပါးသွားချင်ဟန် ပြုကာ ထိုအခွင့်အရေးကို သုံး၍ ရှန်းယု၏ တပ်မှ မကြေညာပဲ ထွက်ပြေးခဲ့သည်။ သူ နှင့် သူ၏ တပ်သည် ရှန်းယန်မှ ချက်ချင်းထွက်၍ အနောက်ဘက်သို့ ဆုတ်ခွာစေခဲ့သည်။ ရှန်းယုသည် ရှန်းယန်သို့ ဝင်ကာ လုယက်ခြင်း၊မြို့ကို ဖျက်ဆီးကာ အီပန်းနန်းတော်ကို မီးတိုက်ခဲ့သည်။

မဟာ သမိုင်းပညာရှင် မှတ်တမ်းများ သည် ထိုအဖြစ်တွင် ဧကရာဇ်၏ အတ္ထုပ္ပတ္တိတွင် ချန်လှပ်ထားပြီး ရှန်းယု၏ အတ္ထုပ္ပတ္တိတွင် ပါဝင်သည့် အဖြစ်တစ်ခုကို ပြန်လည် ထောက်ပြခဲ့သည်။ လျိုပန်းသည် ရှန်းယု၏ လူများလက်မှ လွတ်မြောက်စေရန် အပြင်းအထန် အားထုတ်ရာတွင် သူ၏ ရထားလုံးကို ဝန်ပေါ့စေရန် အတွက် သူ၏ သားသမီးများကို တွန်းချခဲ့သည်။[၁၁]

ချင်သုံးနယ်ကို အောင်နိုင်ခြင်း

ရှန်ယန်မြို့ကို သိမ်းပိုက်ပြီးသည့်နောက် ရှန်းယုသည် မိမိကိုယ်ကို "အနောက်ပိုင်း ချူ ၏ အထွတ်အထိပ် ဘုရင်"ဟု ကြေညာပြီး ယခင် ချင် ဧကရာဇ် နိုင်ငံတော်ကို ၁၈ ပြည်ထောင် အဖြစ် ပိုင်းခြားလိုက်သည်။

လျိုပန်းအတွက် ဒုတိယမြောက် ဟွိုင် ဘုရင်မှ ကတိပြုထားသည့် ဂွမ်ကျုံးဒေသသည် ရှန်းယုမှ ယခင် ချင်စစ်သူကြိး ၃ ဦးကို ပေးအပ်ခြင်း ခံရသည်။ လျိုပန်းမှာမူ အစွန်အဖြားနေရာ ဖြစ်သည့် ပါးရှုဒေသ(ယခုခေတ် စီချွမ်)ရှိ ဟန်ကျုံးဖက်သို့ ပြောင်းလဲပေးအပ်ခြင်း ခံရပြီး "ဟန် ဘုရင်" ဘွဲ့(漢王)ကို ပေးအပ်ခြင်း ခံရသည်။ ၂၀၆ ဘီစီအီး နောက်ပိုင်းတွင် ချီ ပြည်ထောင်တွင် ပုန်ကန်မှု ဖြစ်ပေါ်သောအခါ ရှန်းယုသည် အနောက်ပိုင်း ချူ မှ ပုန်ကန်မှုကို နှိမ်နင်းရန် ထွက်ခွာခဲ့သည်။ လျူပန်းသည် အခွင့်အရေးကို အရယူကာ ဂွမ်ကျုံးကို ကျူးကျော်ပြီး အနိုင်ယူလိုက်သည်။ ထို့နောက် နေပြည်တော် ဖန်ချန်း (彭城;ယခုခေတ် ကျူကျိုး၊ ကျန်းစု)အပါအဝင် ချူ နယ်မြေ အများအပြားကို လိုက်လံတိုက်ခိုက်ခဲ့သည်။

ဂိုင်းရှားတိုက်ပွဲ

၂၀၆-၂၀၂ ဘီစီအီး မှစတင်ပြီး လျိုပန်းသည် ရှန်းယုနှင့် တရုတ်ပြည်ကို စိုးမိုးနိုင်ရေးအတွက် သမိုင်းဝင် ချူ-ဟန် အားပြိုင်မှုဟု ခေါ်သည့် အင်အားပြိုင်ဆိုင်မှု စတင်ခဲ့သည်။ တစ်ချိန်တည်းပင် တခြားသော ပြည်ထောင်များကိုလည်း တိုက်ခိုက်ခြင်း၊ သိမ်းသွင်းခြင်းများ ပြုလုပ်ကြသည်။ ၂၀၃ ဘီစီအီးတွင် ရှန်းယု နှင့် လျိုပန်းသည် ဟုန် တူးမြောင်း စာချုပ် ဟု လူသိများသည့် ခေတ္တစစ်ပွဲရပ်စဲရေး သဘောတူညီချက် တစ်ရပ်ကို သဘောတူညီကြခြင်းဖြင့် တရုတ်ပြည်ကို ဟုန်တူးမြောင်းမှ စတင်ပိုင်းခြားကာ အရှေ့ နှင့် အနောက် နှစ်ပိုင်းပိုင်းလိုက်ပြီး ထိုနှစ်ပိုင်းသည် ချူ နှင့် ဟန် ၏ အုပ်ချုပ်မှုအောက်တွင် အသီးသီး တည်ရှိကြသည်။ လအနည်းငယ် အကြာတွင် လျိုပန်းသည် သဘောတူညီချက်ကို ပယ်ဖျက်၍ ရှန်းယုကို တိုက်ခိုက်ခဲ့သည်။ ၂၀၂ ဘီစီအီးတွင် ရှန်းယုသည် လျိုပန်းကို ဂိုင်းရှားတိုက်ပွဲတွင် ရှုံးနိမ့်ကာ ကိုယ့်ကိုယ်ကို အဆုံးစီရင်ခဲ့သည်။ ထို့နောက် ချူသည် ဟန်ထံ လက်နက်ချခဲ့သည်။ ထိုအခါ လျိုပန်းသည် မိမိ၏ လက်ဝယ် ထိုစဉ်က တရုတ်ပြည် မြေ အတော်များများကို သိမ်းယူထားနိုင်ပြီး ဖြစ်သည်။

ဟန်မင်းဆက် ကို ထူထောင်ခြင်း

၁၈ရာစု ချင်းမင်းဆက် တရုတ်ပြည် ဧကရာဇ်များ၏ ရုပ်ပုံတွင် ဟန် ဧကရာဇ် ဂေါင် (လျိုပန်း) ၏ ရုပ်ပုံ ပန်းချီ

၂၀၂ ဘီစီအီးတွင် လျိုပန်းသည် ထီးနန်းကို ရယူရန် တွန့်ဆုတ်နေခဲ့သော်လည်း မိမိ၏ ငယ်သားများ၏ အားပေးထောက်ခံမှုဖြင့် ဧကရာဇ် အဖြစ် နန်းတက်ခဲ့သည်။ သူသည် သူ၏ မင်းဆက်ကို "ဟန်" ဟု အမည်ပေးခဲ့ပြီး သမိုင်းတွင် "ဧကရာဇ် ကောင်းကျူ" (သို့မဟုတ် "ဧကရာဇ် ဂေါင်") ဟု အမည်တွင်လေသည်။ မြို့တော်မှာ "လော့ရန်" ဖြစ်ပြီး ( နောင်သော် ချန်အန်း သို့ ရွှေ့ခဲ့) ဖြစ်ပြီး တရားဝင် ဇနီး လွီကျီး ကို မိဖုရားခေါင်ကြီး အဖြစ် လည်းကောင်း၊ သူတို့၏ သား လျိုယင်းကို အိမ်ရှေ့စံ မင်းသား အဖြစ် လည်းကောင်း တင်မြှောက်ခဲ့သည်။

ထိုနှစ်တွင်ပင် ဧကရာဇ် ကောင်းကျူသည် ဧကရာဇ် နိုင်ငံတော် စတင်ထူထောင်ရာတွင် အားထုတ်ကြိုးပမ်း ပါဝင်ခဲ့ကြသောသူ၏ ငယ်သားတို့ကို ဆုလာဘ် ချီးမြှင့်လိုခဲ့သည်။ သို့ရာတွင် ထိုအကြံသည် တစ်နှစ်တိုင်တိုင် ကြာညောင်းခဲ့သည်။ အကြောင်းမှာ သူ၏ ငယ်သားတို့သည် ဆုလာဘ်တော် ချီးမြှင့်သည့် ပမာဏကို သဘောမတူညီကြသောကြောင့် ဖြစ်သည်။ ဧကရာဇ်က ရှောင်ဟီ ၏ အားထုတ်ရမှုသည် ပိုများသည်ဟု ထင်မြင်ပြီး ရှောင်ဟီကို "ကျန် နယ်စားကြီး" ဘွဲ့ ချီးမြှင့်ပြီး သိုလှောင်ထားသည့် ရိက္ခာများထဲမှ အများဆုံး ပမာဏကို သူ့အား ပေးသည်။ အချို့သူများသည် ထိုသို့ ဆုပေးခြင်းကို ကန့်ကွက်ကြသည်။ အကြောင်းမှာ ရှောင်ဟီသည် တိုက်ပွဲတကာတို့တွင် တိုက်ရိုက်ပါဝင်တိုက်ခိုက်ခြင်း မရှိသည့်အတွက် သူ၏ အားထုတ်ရမှုသည် အများဆုံး ဟု သူတို့ ထင်မြင်ခြင်း မရှိသောကြောင့် ဖြစ်သည်။ ဧကရာဇ် ကောင်းကျူက ရှောင်ဟီသည် ဆုလာဘ် အများဆုံး ရသင့်သည်ဟု ပြန်လည် တုံ့ပြန်ခဲ့သည်။ အကြောင်းမှာ သူသည် ရှန်းယုနှင့် ယှဉ်ပြိုင်ရာတွင် အားလုံးကျင့်သုံးရမည့် မဟာဗျူဟာကို ချမှတ်ပေးခဲ့သည့် အတွက် ဖြစ်သည် ဟု အကြောင်းပြခဲ့သည်။ သူသည် ကောဝ်ရှန်း ကိုလည်း တိုက်ပွဲတွင် အားထုတ်မှု မြင့်မားခဲ့သည် ဟု မိန့်ဆိုခဲ့ပြီး သူနှင့် အခြားသူတို့ကို ထိုက်သင့်စွာ ဆုလာဘ်များ ချပေးခဲ့သည်။

ထီးနန်းစိုးစံခြင်း

အခွန် နှင့် အခမဲ့လုပ်အားကို လျှော့ချခြင်း

ဧကရာဇ် ကောင်းကျူသည် သူ၏ စစ်တပ်များကို ဖျက်သိမ်းပြီး စစ်သည်တို့ကို နေအိမ်သို့ ပြန်ခွင့်ပြုခဲ့သည်။ ဂွမ်ကျုံးတွင် နေထိုင်သူများသည် အခွန်အခ နှင့် အခမဲ့လုပ်အားပေးရခြင်း တို့မှ ၁၂ နှစ်တာ ကင်းလွတ်မည်ဖြစ်ပြီး မိမိတို့၏ နေအိမ်သို့ ပြန်သူများသည် ၆ နှစ်တာ ကင်းလွတ်မည် ဖြစ်ကြောင်း နှင့် သူတို့အဖို့ အစိုးရမှ တစ်နှစ်တာ ထောက်ပံ့ပေးမည် ဖြစ်ကြောင်း ကြေညာသည်။ သူသည် စစ်ပွဲကာလတွင်းက ဆာလောင်မွတ်သိပ်မှုကြောင့် မိမိတို့ကိုယ်ကို ကျွန်အဖြစ်ရောင်းစားခဲ့ရသည့် သူများကိုလည်း လွတ်မြောက်စေခဲ့သည်။ ၁၉၅ ဘီစီအီးတွင် ဧကရာဇ်သည် အမိန့်တော် နှစ်ခု ထုတ်ပြန်သည်။ ပထမဆုံး တစ်ခုသည် အခွန်အခ နှင့် အခမဲ့လုပ်အား ပေးဆောင်ရခြင်းကို လျှော့ချသည့် အမိန့်စာဖြစ်သည်။ ဒုတိယတစ်ခုသည် နှစ်စဉ်နှစ်တိုင်း၏ ၁၀လပိုင်းတွင် လက်အောက်ခံ မင်းများမှ နန်းတွင်းသို့ ဆက်သရမည့် လက်ဆောင်ပဏ္ဏာ ပမာဏကို သတ်မှတ်ခြင်း ဖြစ်သည်။ စိုက်ပျိုးရေးအတွက် ကောက်ခံသည့် မြေခွန်ကိုလည်း ရိတ်သိမ်းရရှိသည့် ဆန်စပါးတို့၏ ၁/၁၅ နှုန်းဖြင့် လျှော့ချ ကောက်ခံစေသည်။ သူသည် ဒင်္ဂါးသွန်းလုပ်မှုကိုလည်း ပုဂ္ဂလိကပိုင် အဖြစ်သိမ်းလိုက်သည်။

ကွန်ဖြူးရှပ်ဝါဒ အပေါ် အလေးထားခြင်း

ငယ်ရွယ်စဉ်က ဧကရာဇ် ကောင်းကျူသည် စာဖတ်ခြင်းကို မနှစ်သက်ခဲ့ပဲ ကွန်ဖြူးရှပ်ဝါဒကို အထင်အမြင်သေးခဲ့သည်။ ဧကရာဇ် ဖြစ်လာသည့် အခါတွင်လည်း ထိုအတိုင်းပင် ရှိခဲ့ရာ စာပေပညာရှင် လုကျား(သို့မဟုတ် လုကု)နှင့် တွေ့သည့်အချိန်ကျမှ ပြောင်းလဲသွားသည်။ လုကုသည် ၁၂ တွဲရှိသည့် ကျင်းရု(新語) အမည်ရှိ စာအုပ်ကို ရေးသားခဲ့သည်။ ထိုစာအုပ်တွင် တိုင်းပြည်ကို ကြမ်းတမ်း၍ ပြင်းထန်သော ဥပဒေများဖြင့် အုပ်ချုပ်ခြင်း(ချင်မင်းဆက်တွင် ထိုအတိုင်း အုပ်ချုပ်သည်)ထက် အကျင့်စာရိတ္တကောင်းမွန်ခြင်း၊ ဖြောင့်မှန်စွာ အုပ်ချုပ်ခြင်းဖြင့် ရနိုင်သော အကျိုးတို့ကို ရေးသားဖွဲ့ဆိုထားသည်။ လုကုသည် ထိုစာအုပ်၏ အတွဲ တစ်တွဲကို ရေးသားပြီးတိုင်း ဧကရာဇ် ရှေ့တော်မှောက်တွင် ဖတ်ပြခဲ့သည်။ ဧကရာဇ်သည် များစွာ နှစ်သက်ခဲ့လေသည်။ ထိုသို့ဖြင့် ဧကရာဇ် ကောင်းကျူ နန်းစံစဉ်ကာလတွင် ကွန်ဖြူးရှပ်ဝါဒသည် တိုးတက်ပြန့်ပွား၍ (ချင်ခေတ်ကာလက) ဥပဒေ ဝါဒ၏ နေရာတွင် တိုင်းပြည်၏ အတွေးအခေါ် မူဝါဒ အနေဖြင့် အစားထိုးလာခဲ့သည်။ လုကု အပါအဝင် ကွန်ဖြူးရှပ် စာပေပညာရှင်များကို အစိုးရအဖွဲ့တွင် အမှုထမ်းစေခဲ့သည်။ ဧကရာဇ်သည် ချင်ခေတ်မှ အချို့သော ဥပဒေများကို ပြန်လည် ပြုပြင်ပြီး အချို့သော ပြစ်ဒဏ်များကိုမူ လျှော့ချစေခဲ့သည်။၁၉၆ ဘီစီအီးတွင် ယင်းပု ၏ ပုန်ကန်ခြင်းကို နှိမ်နင်းပြီးနောက် သူသည် ကွန်ဖြူးရှပ်၏ မွေးဖွားရာနေရာဖြစ်သည့် ရှန်တုန်းကို ဖြတ်သွားစဉ် အတွေးအခေါ်ပညာရှင်ကြီးကို အရိုအသေပြုရန် အတွက် အခမ်းအနားတစ်ခုကို ကိုယ်တော်တိုင် ပြင်ဆင်ခဲ့သည်။

ထီးနန်းဆက်ခံမှုအတွက် ပဋိပက္ခဖြစ်ပွားခြင်း

သူ၏ နှောင်းပိုင်းနှစ်များတွင် ဧကရာဇ် ကောင်းကျူသည် မောင်းမတော် ချီ ကို အလေးထားပြီး မိဖုရားခေါင်ကြီး လွီကျီး ကို လျစ်လျူရှုခဲ့သည်။ သူ၏ အရိုက်အရာဆက်ခံမည့် မိဖုရားခေါင်ကြီး မှ ဖွားမြင်သည့် လျိုယင်းသည် တိုင်းပြည် အုပ်စိုးမည့်သူတစ်ဦး အနေဖြင့် ပျော့ညံ့လွန်းသည် ဟု သူထင်မြင်ခဲ့သည်။ ထို့ကြောင့် သူသည် လျိုယင်းကို မောင်းမတော် ချီ မှ ဖွားမြင်သည့် လျိုယုရီ နှင့် အစားထိုးရန် ရည်ရွယ်ရင်း ရှိခဲ့သည်။ လွီကျီးသည် ပူပန်သောကရောက်ရသောကြောင့် ကျန်းလျန် ကို သူမ သားတော်၏ အရိုက်အရာ မြဲစေရန် ကူညီစေရေးအတွက် အကူအညီ တောင်းခံခဲ့သည်။ ကျန်းလျန်သည် ရှန်တောင်တော်၏ သူရဲ လေးဖော်ကို ထောက်ခံပေးခဲ့ပြီး လျိုယင်းကို ကူညီ စေခဲ့သည်။

၁၉၅  ဘီစီအီးတွင် ဧကရာဇ် ကောင်းကျူ၏ ကျန်းမာရေးသည် ဆိုးဝါးလာသည်အ့လျောက် သူသည် လျိုယင်း နေရာတွင် လျိုယုရီ နှင့် အစားထိုးရန် ပိုမို စိတ်စောလာခဲ့သည်။ ကျန်းလျန်သည် ဧကရာဇ်ကို ကန့်ကွက်ပြောဆိုခဲ့သော်လည်း လျစ်လျူရှုခံရသောအခါ သူ၏ ကျန်းမာရေးကို အကြောင်းပြ၍ မင်းမှုထမ်းဘဝမှ အနားယူခဲ့သည်။ အိမ်ရှေ့စံ၏ ဆရာဖြစ်သည့် ရှုစွန်း တုန် နှင့် ကျိုးချန်းသည်လည်း ဧကရာဇ် ၏ အထက်ပါ ဆုံးဖြတ်ချက်ကို ကန့်ကွက်ခဲ့သည်။ ကျိုးချန်း မှ ဤသို့ ပြောဆိုခဲ့သည်။ "ကျွန်တော်မျိုးသည် အငြင်းအခုံပြုရာတွင် သိပ်မတော်ပါ။ သို့ရာတွင် ယခုလို ဆုံးဖြတ်ချက်သည် မကောင်းမှန်း သိပါသည်။ အကယ်၍ အရှင်သည် အိမ်ရှေ့စံကို နန်းချသော် ကျွန်တော်မျိုးသည် အရှင့်၏ အမိန့်တော်ကို လိုက်နာတော့မည် မဟုတ်ပါ"[၁၂] ကျိုးချန်းသည် စကားလွန်သွားသော်လည်း သူ့တွင် စကားထစ်သည့် ပြဿနာရှိသည့်အတွက် သူ၏ ပြောပုံသည် ဧကရာဇ် အဖို့ ရယ်စရာပင် ဖြစ်နေပေတော့သည်။ ဧကရာဇ်သည် ရယ်မော၍ သိပ်မကြာမီ ရှန် တောင် တော်၏ သူရဲ လေးဖော်သည် နန်းတွင်းသို့ ဝင်ရောက်ခစားခဲ့သည်။ ဧကရာဇ်သည် သူတို့ကို တွေ့သောအခါ အလွန် အံ့ဩခဲ့သည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူတို့ကို ဧကရာဇ်သည် ယခင်က သိမ်းသွင်းခဲ့ဖူးသော်လည်း ထိုသူတို့က မည်သည့်အခါကမျှ လက်ခံခဲ့ခြင်း မရှိသောကြောင့် ဖြစ်သည်။ ထို သူရဲ လေးဖော်သည် လျိုယင်းသည်သာ အိမ်ရှေ့စံအဖြစ် ရှိနေသေးလျှင် သူ့ကို အနာဂတ်တွင် ကူညီ ဖေးမပါမည်ဟု ကတိပြုခဲ့သည်။ ဧကရာဇ်သည် လျိုယင်းတွင် ဤသူတို့၏ အားပေးထောက်မမှုကို ရရှိထားသောကြောင့် အလွန် နှစ်ခြိုက်ကာ အိမ်ရှေ့စံ ပြောင်းလဲမည့် အတွေးကို ပယ်ဖျက်ခဲ့သည်။ [၁၃]

စစ်ဆင်ရေး တိုက်ပွဲများ

တမ်းပလိတ်:ထပ်မံလေ့လာရန်

သရုပ်ဖော်ထားသည့် မြေထည် ရုပ်တုများ၊ အနောက်ပိုင်း ဟန် ခေတ်မှ၊ မြင်းစစ်သည်တော်များ၊ ဟိုင်နန် နယ် ပြတိုက်

ဟန် နိုင်ငံတော်ကို တည်ထောင်ပြီးနောက် ဧကရာဇ် ကောင်းကျူသည် မင်းသားများနှင့် လက်အောက်ခံ ပဏ္ဏာဆက် ဘုရင်များကို နိုင်ငံတော်ကို ထိရောက်စွာ အုပ်ချုပ်နိုင်စေရန်အတွက် နယ်မြေများကို အပိုင်စားပေးအပ်ကာ စေခိုင်းခဲ့သည်။ နန်းတွင်း မင်းမျိုးနွယ် နှင့် မသက်ဆိုင်သည့် ဘုရင်များ ရှိသည်။ ၎င်းတို့မှာ ရန့်ဘုရင် ဇန်တု၊ ဟန် ဘုရင် ဟန်ကျင်း။ ချူ ဘုရင် ဟန်ကျင်။ ချူ ဘုရင် ဖန်းယွီ၊ ဟွိုင်နန် ဘုရင် ယင်းပု၊ကျောက် ဘုရင် ကျန်းအာ ၊ ချန်းရှား ဘုရင် ဝူယွီ တို့ ဖြစ်သည်။ ဟန်ကျင် နှင့် ဖန်းယွီတို့သည် ပုန်ကန်သည် ဟု မတရား စွပ်စွဲခံရကာ ဖမ်းဆီးချုပ်နှောင်ခံရ၍ သူတို့၏ မိသားစုများနှင့် တကွ ကွပ်မျက်ခံရခဲ့သည်။ ယင်းပု နှင့် ဇန်တုသည် ပုန်ကန်ကြသော်လည်း နှိမ်နင်းခံရကြကာ ကွပ်မျက်ခံရသည်။ ဝူယွီ နှင့် ကျန်းအာ သာ သက်ရှိထင်ရှား ကျန်ရစ်ခဲ့ကြသည်။

မြောက်ပိုင်းမှ ရှုံးနူတို့သည် ချင် မင်းဆက် ကတည်းကပင် ရန်စွယ်တစ်ခု ဖြစ်နေခဲ့သည်။ ချင်ရှီဟွမ်သည် စစ်သူကြီး မန်ကျန်း ကို ချင်ဧကရာဇ် နိုင်ငံတော်၏ မြောက်ပိုင်း နယ်စပ်ကာကွယ်ရေးကို ကြည့်ရှုထိန်းသိမ်းရန် နှင့် မဟာ တံတိုင်းကြီး တည်ဆောက်ရန် အတွက် စေလွှတ်ခဲ့သည်။ မန်ကျန်းသည် ရှုံးနူတို့ကို နယ်စပ်ဒေသတစ်လျှောက်တွင် လှုပ်ရှားထကြွနေခြင်းမှ ဟန့်တားနိုင်ခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့သည်။ သို့သော် ချင်မင်းဆက် ပျက်သုဉ်းပြီးနောက်တွင် ရှုံးနူတို့သည် တောင်ပိုင်းသို့ ချီတက်ရန် အခွင့်ကောင်းယူ၍ နယ်စပ်တစ်ခွင်ကို ထိပါးလေသည်။ ၂၀၁  ဘီစီအီးတွင် ဟန်ကျင်း(ဟန် ဘုရင်) သည် ရှုံးနူခေါင်းဆောင် ချန်ယု ဆီသို့ သစ္စာဖောက်ပြီး ခိုလှုံခဲ့သည်။ ထိုနှစ်တွင်ပင် ဧကရာဇ် ကောင်းကျူသည် ရှုံးနူတို့ကို တိုက်ခိုက်ရန် စစ်ချီလာခဲ့သော်လည်း ပိုင်တန်း တိုက်ပွဲတွင် ရန်သူတို့၏ ဝိုင်းရံ တိုက်ခိုက်ခြင်းကို ခံရသည်။ ချန်ပင်း၏ အကြံဉာဏ်ကို ရယူပြီး မိုဒု၏ ဇနီးသည်ကို လာဘ်ထိုးခြင်းဖြင့် သူမ၏ ခင်ပွန်းကို စစ်သည်များ ရုပ်သိမ်းစေသည်။ မိုဒုသည်လည်း စစ်သည်များ ရုပ်သိမ်းခဲ့သည်။ နေပြည်တော်သို့ ပြန်ရောက်သောအခါ ဧကရာဇ် ကောင်းကျူသည် သူကောင်းမျိုးဝင် အမျိုးသမီးတို့ကို ရှုံးနူခေါင်းဆောင်တို့နှင့် လက်ဆက်စေခြင်း နှင့် လက်ဆောင်ဆက်သခြင်းအားဖြင့် ငြိမ်းချမ်းရေးရယူသည့် ဟီချင်း နည်းဥပဒေကို စတင်ခဲ့သည်။

ကွယ်လွန်ခြင်း

ချန်းလင်း(長陵),ရှန်းကျီး၊ ရှန်ယန်မှ ဧကရာဇ် ကောင်းကျူ၏ တရုတ်ပြည်ပိရမစ်များ

ဧကရာဇ် ကောင်းကျူသည် ယင်းပုကို နှိမ်နင်းသည့် စစ်ဆင်ရေးတွင် အမှတ်တမဲ့ ပစ်ခတ်လိုက်သည့် မြားတစ်စင်း၏ ထိခိုက်မှုကို ခံလိုက်ရသည်။ သူသည် ထိုအချိန်မှစ၍ အလွန်တရာ နာမကျန်းဖြစ်လာပြီး သူ၏ အတွင်းဆောင်ထဲတွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီး သူ၏ ကိုယ်ရံတော်များကို သူနှင့်တွေ့ဆုံသူတိုင်းနှင့် တွေ့ခွင့်ပြုရန် ငြင်းဆန်စေခဲ့သည်။ ရက်များစွာကြာသောအခါ ဖန်းခွိုင်သည် နန်းဆောင်သို့အတင်းဝင်ခဲ့သဖြင့် အခြားသောနောက်လိုက်နောက်ပါတို့သည်လည်း သူ့နောက်မှ လိုက်ဝင်ခဲ့ကြလေသည်။ သူတို့သည် ဧကရာဇ်၏ အိပ်ယာထက်တွင် လဲလျောင်းနေပြီး မိန်းမစိုးတစ်ဦး၏ ပြုစုခြင်းကိုသာ ခံနေခဲ့သည်ကို တွေ့မြင်ခဲ့ရသည်။ ဖန်းခွိုင်သည် အောက်ပါအတိုင်းပြောခဲ့သည်။ "ဧကရာဇ် အရှင်သည် နိုင်ငံတော်ကို သိမ်းပိုက်သောအခါ မည်မျှ ဂုဏ်ယူဖွယ်ရှိပါသနည်း။ ကျွန်တော်မျိုးတို့ မည်မျှ နွမ်းလျခဲ့ပါသနည်း။ အရှင့်၏ ကျွန်တို့သည် အရှင်မင်းကြီး နာမကျန်းဖြစ်နေသည်ကို ကြားသိရသောအခါ မည်မျှ ပူပင်ခဲ့ရပါသနည်း။ သို့သော်လည်း အရှင်မင်းကြီးသည် ကျွန်တော်မျိုးတို့ကို တွေ့ရန် ငြင်းဆန်ရုံသာမက မိန်းမစိုးတစ်ယောက်၏ အဖော်ပြုမှုကို ပိုနစ်သက်ခဲ့သည်။ အရှင်မင်းကြီးသည် ကျောက်ကော်၏ အဖြစ်ကို မေ့လျော့နေပါသလော" ဟု ပြောလေရာ ဧကရာဇ် မင်းကြီးသည် ရယ်မော၍ အိပ်ယာမှ ထကာ မိမိ၏ အမှုထမ်းတို့ကို တွေ့ဆုံလေသည်။

ဧကရာဇ် ကောင်းကျူ၏ ကျန်းမာရေးသည် တစ်နေ့ထက်တစ်နေ့ ယိုယွင်းလာရာ မိဖုရားခေါင်ကြီး လွီကျီးသည် နာမည်ကျော် သမားတော်တစ်ဦးကို ပင့်ဖိတ်ကာ ကုသစေသည်။ ဧကရာဇ်သည် သူ၏ ကျန်းမာရေးအခြေအနေကို သိလို၍ မေးမြန်းရာ သမားတော်က သူ၏ ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်ကြောင်း ပြန်ဖြေကြားသည်။ သို့ရာတွင် ဧကရာဇ်သည် ထိုအဖြေကို မနှစ်မြို့ပဲ သမားတော်ကို အောက်ပါအတိုင်း ကြိမ်းမောင်းသည်။ "ငါသည် ဤ နိုင်ငံတော်ကို အဝတ်တစ်ထည် ကိုယ်တစ်ခု ဖြင့် ဓားတစ်စင်းကို ဆောင်ကာ သိမ်းပိုက်နိုင်ခဲ့သည်မှာ မိုးမြေ၏ အလိုပင် မဟုတ်ပါလော့။ ငါ၏ အသက်သည် မိုးမြေ၏ အလိုသာတည်း။ ပျန်းချွီပင် ရှိစေကာမူ အချည်းနှီးသာတည်း" ဟု ဆိုလေသည်။ သူသည် ဆေးကုသမှု ခံရန် ငြင်းဆိုခဲ့ပြီး သမားတော်ကို ပြန်လွှတ်ခဲ့သည်။ သူ မကွယ်လွန်မီ [ချောင်ရှန်း]] သည် [[အမတ်ချုပ်ကြီး [တရုတ်ပြည်]| အမတ်ချုပ်] အဖြစ် ရှောင်ဟီ ကွယ်လွန်ပြီးနောက် သူ၏ နေရာတွင် ဆက်ခံနိုင်ပြီး ဝမ်လင်းသည် ချောင်ရှန်း၏ နေရာတွင် ဆက်ခံနိုင်သည် ဟု ဆိုခဲ့သည်။ ဝမ်လင်းသည် သူ၏ တာဝန်တို့ကို ကျေပွန်စွာ ဆောင်ရွက်နိုင်ရန် ငယ်ရွယ်သေးသည် ဟု ဆိုနိုင်သည့်အတွက် ချန်ပင်းသည် ဝမ်လင်းကို ကူညီထောက်မပေးရမည်ဟု မိန့်မှာခဲ့သည်။ သို့သော် ချန်ပင်းသည် သူကိုယ်တိုင်လည်း အမတ်ချုပ်ကြီး တစ်ဦး၏ ရာထူးတာဝန်များကို ထမ်းရွက်နိုင်သည်ဟု ယူဆခဲ့သည်။ သူသည် ကျိုးပိုကိုလည်း စစ်သေနာပတိရာထူးအတွက် သင့်တော်သူဟု မှတ်ချက်ချခဲ့သည်။ သူသည် ချန်းလီနန်းတော် (長樂宮) တွင် ဇွန်လ ၁ ရက် ၁၉၅   ဘီစီအီးတွင် ကွယ်လွန်ခဲ့ပြီး နောင်တွင် ဧကရာဇ် ဟွီ ဟု အမည်တွင်မည့် လျိုယင်းမှ သူ၏ နေရာတွင် ဟန် နိုင်ငံတော်၏ ဧကရာဇ် အဖြစ် ဆက်ခံခဲ့သည်။

မာန်ဟုန်ပြင်းသော လေ ကို ဖွဲ့သော သီချင်း

မာန်ဟုန်ပြင်းသော လေ ကို ဖွဲ့သော သီချင်း သည် ၁၉၅   ဘီစီအီးတွင် ယင်းပု၏ ပုန်ကန်ထကြွမှုကို နှိမ်နင်းပြီးနောက် လျိုပန်းမှ သူ၏ မွေးရပ်မြေသို့ ပြန်သောအခါ စပ်ဆိုသော သီချင်း ဖြစ်သည်။ သူသည် စားပွဲကို ပြင်ဆင်ပြီး သူ၏ ငယ်သူငယ်ချင်းများကို ဖိတ်ခေါ်ခဲ့သည်။ အတန်ကြာ သောက်စားကြပြီးနောက် လျိုပန်းသည် ကုချင်းကို တီးခတ်ကာ မာန်ဟုန်ပြင်းသော လေ သီချင်းကို သီဆိုခဲ့သည်။[၁၄]

《大風歌》

မာန်ဟုန်ပြင်းသည့် လေ

大風起兮雲飛揚,

လေပြင်းသည် မာန်အပြည့်ဖြင့် တိုက်ခတ်သည့်အခါ၊
တိမ်တိုက်တို့သည် အမြင့်တွင် မြောလွင့်ကုန်၏.

威加海內兮歸故鄉,

ငါ့တန်ခိုးသည် ပင်လယ်တစ်ခွင်ကို လွှမ်းသောအခါ
ငါသည် မွေးရပ်ရွာသို့ ပြန်လာခဲ့၏.

安得猛士兮守四方!

သူရဲတို့သည် အဘယ်မှာ ရှိ၍
ငါ့နိုင်ငံ၏ လေးဖက်လေးတန်ကို ကာကွယ်မည်နည်း။

[၁၅]

မိသားစု

  • မိဘများ။
    • လျိုတွမ်၊ ဖခင် ဧကရာဇ် (太上皇帝 劉煓၊ ၂၇၁ ဘီစီ - ၁၉၇ ဘီစီ)
    • မိဖုရားခေါင်ကြီး ကျောက်လင်း၊ ဝမ် မိသားစု (昭靈皇后 王氏), ကိုယ်ပိုင်အမည် ဟန်ရှီ (含始)
  • မိဖုရားများ နှင့် သားသမီးများ။
  1. မိဖုရားခေါင်ကြီး ဂေါင်၊ လွီ မိသားစု (高後 呂氏၊ ၂၄၁ ဘီစီ - ၁၈၀ ဘီစီ)၊ ကိုယ်ပိုင်အမည် ကျီး ()
    1. မင်းသမီး လုယွမ် (魯元公主; ၁၈၇ ဘီစီ ကွယ်လွန်)
    2. လျိုယင်း၊ ဧကရာဇ် ရှောင်ဟွီ (孝惠皇帝 劉盈၊ ၂၁၀ ဘီစီ - ၁၈၈ ဘီစီ)
  2. မိဖုရားခေါင်ကြီး ဂေါင်၊ ဘို မိသားစု (高皇后 薄氏၊ ၁၅၅ ဘီစီ ကွယ်လွန်)
    1. လျိုဟန်း၊ ဧကရာဇ် ရှောင်ဝမ် (孝文皇帝 劉恆၊ ၂၀၃ ဘီစီ - ၁၅၇ ဘီစီ)
  3. ဖုရန်၊ ချောင် မိသားစု (夫人 曹氏)
    1. လျိုဖေး၊ ချီ မင်းသား တောက်ဝှီ (齊悼惠王 劉肥၊ ၂၂၁ ဘီစီ - ၁၈၉ ဘီစီ)
  4. ဖုရန်၊ ချီ မိသားစု (夫人 戚氏၊ ၂၂၄ ဘီစီ - ၁၉၄ ဘီစီ)၊ ကိုယ်ပိုင်အမည် ရီ ()
    1. လျိုလုရီ၊ ကျောက် မင်းသား ယင်း (趙隱王 劉如意၊ ၂၀၈ ဘီစီ - ၁၉၄ ဘီစီ)
  5. ကျောက် မိသားစုမှ သခင်မ (趙氏၊ ၁၉၈ ဘီစီ ကွယ်လွန်)
    1. လျိုချန်း၊ ဟွိုင်နန် မင်းသား လီ (淮南厲王 劉長၊ ၁၉၉ ဘီစီ - ၁၇၄ ဘီစီ)
  6. အမည်မသိ
    1. လျိုဟွီ၊ ကျောက် မင်းသား ကုန်း (趙共王 劉恢၊ ၁၈၁ ဘီစီ ကွယ်လွန်)
    2. လျိုယူ၊ ကျောက် မင်းသား ယူ (趙幽王 劉友၊ ၁၈၁ ဘီစီ ကွယ်လွန်)
    3. လျိုကျန်း၊ ရန် မင်းသား လင်း (燕靈王 劉建၊ ၁၈၁ ဘီစီ ကွယ်လွန်)

ခေတ်သစ် သရုပ်ဖော်မှုများ

လျိုပန်းသည် Koei မှ ထုတ်လုပ်ဖြန့်ချိသည့် Romance of the Three Kingdoms XI ဗီဒီယိုဂိမ်းတွင် အထူး ဇာတ်ကောင်များ အနေဖြင့် ပါဝင်သည့် သမိုင်းဝင် ပုဂ္ဂိုလ် ၃၂ ယောက်တွင် တစ်ဦးအပါအဝင်ဖြစ်သည်။ သူ ၏ ဘဝဇာတ်လမ်းကိုလည်း များလှသော ရုပ်မြင်သံကြားဇာတ်လမ်းတွဲများ နှင့် ရုပ်ရှင်များတွင် ပုံဖော်ခြင်းခံရသည်။ (ချူ-ဟန် အားပြိုင်မှု#အနုပညာသရုပ်ဖော်မှု ကို ကြည့်ပါ)။

ထပ်မံလေ့လာလိုလျှင်

  1. ဟန်မင်းဆက်မိသားစု ဆင်းသက်ပုံ သစ်ပင်
  2. ချူ-ဟန် အားပြိုင်မှု
  3. လူ မိသားစုမှ ဝင်ရောက်စွက်ဖက်ခြင်း

မှတ်စုနှင့် ကိုးကားချက်များ

  1. ၎င်းသည် ဟွမ်ဖူ မီ(皇甫謐) မှ တင်ပြသည့် မွေးသက္ကရာဇ် ဖြစ်သည်။ (215–282).
  2. ဤသည်မှာ ချန်းဇန် (臣瓚) မှ ဟန် မှတ်တမ်းဟူသော စာအုပ်တွင် ၂၇၀ အေဒီ အတွင်း ၎င်း၏ မှတ်ချက်များတွင် ဖော်ပြထားသည့် မွေးသက္ကရာဇ် ဖြစ်သည်။
  3. ၃.၀ ၃.၁ 李祖德 (2012). "刘邦祭祖考——兼论春秋战国以来的社会变革". 中国史研究 [Journal of Chinese Historical Studies] 34 (3): 11–58. CNKI. 
  4. ဤတွင် သုံးသော တိုင်ဇူ (အနက် မှာ "မဟာ ဘိုးဘေးကြီး") သည် လျိုပန်း ၏ မူလ အသုံးပြုသော အမည်တော်ဖြစ်သည်။ အကြောင်းမှာ "တိုင်ဇူ" သည် ရှေး ရှန် မင်းဆက် ကပင် မင်းဆက်တစ်ခုကို ထူထောင်သူ ကို ခေါ်ဆိုသည့် အမည်တော် အဖြစ် ရှေးတရုတ်ပြည်ရိုးရာတွင် မှတ်ယူခဲ့ကြသည်။
  5. စီးမာချင် သည် လျိုပန်းကို "ကောင်းကျူ" ဟု ခေါ်ဆိုသည်။ အဓိပ္ပာယ်မှာ "မြင့်မြတ်သော ဘိုးဘေးကြီး" ဟု မဟာ သမိုင်းပညာရှင်မှတ်တမ်းများ တွင် ရည်ညွှန်းထားပြန်သည်။ စီးမာချင်သည် အဘယ့်ကြောင့် "တိုင်ဇူ" အစား "ကောင်းကျူ" ကို သုံးသည့် အကြောင်းကို ထင်ရှားစွာ မတွေ့ရပေ။ စီးမာချင် နောက်ပိုင်း သမိုင်းပညာရှင်များသည် လျိုပန်းကို ရည်ညွှန်းလိုလျှင် "ဟန် ဧကရာဇ် ကောင်းကျူ" ဟု မကြာခဏ အသုံးပြုကြသည်။ ယခုခေတ် တရုတ်ပြည်တွင် လျိုပန်းကို ရည်ညွှန်းသောအားဖြင့် "ဟန် ဧကရာဇ် ကောင်းကျူ" သည် အများ အသုံးပြုသည့် အမည်ပင်ဖြစ်ပေသည်။
  6. Gaozu Emperor of Han Dynasty။ Encyclopædia Britannica။
  7. Patricia Buckley Ebrey (2003)။ /books?id=oJbpoEwvQzcC&pg=PA171&dq=huangdi+family+tree#v=onepage&q&f=false Women and the family in Chinese history တန်ဖိုး |url= စစ်ဆေးရန် (အကူအညီ)။ Volume 2 of Critical Asian scholarship (illustrated ed.)။ Psychology Press။ p. 171။ ISBN 0-415-28823-1။ 4-01-2012 တွင် ပြန်စစ်ပြီး |accessdate= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  8. Fabrizio Pregadio (2008)။ Fabrizio Pregadio (ed.)။ /books?id=MioRmEq2xHUC&pg=PA505&dq=huangdi+family+tree#v=onepage&q=huangdi%20family%20tree&f=false The encyclopedia of Taoism, Volume 1 တန်ဖိုး |url= စစ်ဆေးရန် (အကူအညီ) (ill ustrated ed.)။ Psychology Press။ p. 505။ ISBN 0-7007-1200-3။ 4-01-2012 တွင် ပြန်စစ်ပြီး |accessdate= ရှိ ရက်စွဲတန်ဖိုး စစ်ဆေးရန် (အကူအညီ)
  9. တရုတ်စာလုံး "媪" (ǎo) သည် လျိုပန်း၏ မိခင် အမည်ရင်း မဟုတ်ပါ။ ထိုစာလုံးကို ထိုခေတ်က အသက်အရွယ်ကြီးမြင့်သည့် အမျိုးသမီးကြီးကို ခေါ်ဆိုရာတွင် သုံးသည်။definition of 媪 တွင် ကြည့်ပါ။
  10. Translation Archived 10 January 2017 at the Wayback Machine. of Sima Qian's Shiji.
  11. Watson (1958), pp. 95–98.
  12. (臣口不能言,然臣期期知其不可。陛下雖欲廢太子,臣期期不奉詔。)
  13. Chi-yen Ch'en (14 July 2014)။ Hsun Yueh and the Mind of Late Han China: A Translation of the SHEN-CHIEN။ Princeton University Press။ pp. 171–။ ISBN 978-1-4008-5348-9
  14. (တရုတ်) 大风歌 Archived 24 September 2015 at the Wayback Machine.
  15. John Minford; Joseph S. M. Lau (2000)။ Minford, John (ed.)။ An Anthology of Translations Classical Chinese Literature Volume I: From Antiquity To The Tang Dynasty။ Columbia University Press။ p. 415။ ISBN 978-0-231-09676-8
  • Needham, Joseph (1986). Science and Civilization in China: Volume 4, Part 2. Taipei: Caves Books, Ltd.
  • Sima Qian. Records of the Grand Historian, Volume 8.
  • Ban Gu et al. Book of Han, Volume 1.
ဟန် ဧကရာဇ် ကောင်းကျူ
မွေးဖွား ၂၅၆ ဘီစီအီး ကွယ်လွန် ၁ ဇွန်လ ၁၉၅ ဘီစီအီး
Regnal titles
ဘွဲ့အသစ် ဟန်ဘုရင်
၂၀၆ ဘီစီအီး – ၂၀၂ ဘီစီအီး
ရာထူးစတင် ဆက်ခံသည်
ယခင်က
လစ်လပ်
နောက်ဆုံး ဆက်ခံသူမှာ
ချင်အာရှီ (သို့မဟုတ်) ချူ ဧကရာဇ် ရီ
တရုတ်ပြည်၏ ဧကရာဇ်
အနောက်ပိုင်း ဟန်
၂၀၂ ဘီစီအီး – ၁၉၅ ဘီစီအီး
ဆက်ခံသူ
ဟန် ဧကရာဇ် ဟွီ
{{bottomLinkPreText}} {{bottomLinkText}}
ဟန် ဧကရာဇ် ကောင်းကျူ
Listen to this article

This browser is not supported by Wikiwand :(
Wikiwand requires a browser with modern capabilities in order to provide you with the best reading experience.
Please download and use one of the following browsers:

This article was just edited, click to reload
This article has been deleted on Wikipedia (Why?)

Back to homepage

Please click Add in the dialog above
Please click Allow in the top-left corner,
then click Install Now in the dialog
Please click Open in the download dialog,
then click Install
Please click the "Downloads" icon in the Safari toolbar, open the first download in the list,
then click Install
{{::$root.activation.text}}

Install Wikiwand

Install on Chrome Install on Firefox
Don't forget to rate us

Tell your friends about Wikiwand!

Gmail Facebook Twitter Link

Enjoying Wikiwand?

Tell your friends and spread the love:
Share on Gmail Share on Facebook Share on Twitter Share on Buffer

Our magic isn't perfect

You can help our automatic cover photo selection by reporting an unsuitable photo.

This photo is visually disturbing This photo is not a good choice

Thank you for helping!


Your input will affect cover photo selection, along with input from other users.

X

Get ready for Wikiwand 2.0 🎉! the new version arrives on September 1st! Don't want to wait?